Sunday, July 14, 2013

မျှဝေပေးလိုက်ပါတယ်




ဖြတ်ထိုးဥာဏ်ဆိုတာ ကျင်းထဲကြပ်ထဲ
ရောက်နေချိန်မှာမှ ပိုအသုံးဝင်တယ်ဆိုတာတော့
ကျွန်မနဲ့..သူ  ခံယူချက်တူခဲ့ကြတယ်..

နွေဆိုတာ အပူကိုရည်ညွန်းသလို
သောကဆိုတာလည်း လားရာတူတဲ့
ဂီတတစ်ခုလိုပဲ သူ့ဟာနဲ့သူ ခိုလုံရာတူနေတက်တယ်..

ဒီလိုနဲ့.....သူနဲ့ ကျွန်မ
အယူအဆ မတူလဲ ရင်ဘတ် အခွံချင်းတော့
ထပ်တူကျခဲ့ကြတယ်...

လူငယ်ပီသစွာပဲ ..
တိုးတက်မှုနဲ့ ထိုးဖောက်ထွက်မှုကြားမှာ
ဘဝတစ်ချို့ ထက်ပိုင်း ကျိုးချိန်နဲ့ ...ဆုံတယ်

တစ်ချို့ရဲ့ အပြုံးက
အဓိပ္ပါယ် နက်သလိုနဲ့ ညသိပ်ရေ..ဆန်တယ်

တစ်ချို့ရဲ့ အပြုံးက
လက္ခဏာ အချိုးနဲ့ ..ရောင်နီ ပျို့စေတယ်

တစ်ချို့ရဲ့ အပြုံးက
ဒဏ်ရာနဲ့ ချွေးစက်တွေသာ ပကာသန ဖြစ်စေတယ်

သူ့ဆီက ရတဲ့ အပြုံးကတော့
ကျွန်မဘဝ တစ်ခုလုံး ပွင့်ခွင့်မရှိလို့ ငုံခဲ့ရတဲ့
စံပါယ်ငုံတစ်ကုံးလိုပါပဲ....

ယောင်ယောင်ယမ်းယမ်း
အလေးသာဖူးတဲ့ ရင်ခုန်သံညတွေက
နောက်ဆုံးတော့လည်း ဘာသာဗေဒတစ်ခုကို
အသက်သွင်းရသလို ပဋ္ဋိပက္ခစကားလုံးတွေကြား
ခပ်ပြင်းပြင်း ဗော်လ်ကာ တစ်ခွက်လောက်တောင် နေရာမရခဲ့ပြန်ဘူး...

မဖြူစင်တော့တဲ့ မြို့ပြတစ်ခုလိုပဲ
ပေရေရှုပ်ပွနေတဲ့ ရင်ခုန်သံတွေနေရာမှာ
အထက်မြင့်သထက်မြင့်တဲ့ အတ္တတွေသာ
ဖိနပ်အဖြစ် လုပ်စီးဖြစ်တယ်..

နွမ်းကြေမှုနဲ့ အထ္ထုပ္ပတိ
ဝိသေသဆိုတဲ့ ဝေါဟာရတွေအကြား
မအပ်စပ်တဲ့ ပဲ့တင်သံတွေသာ နေ့စွဲ ဖြစ်လာခဲ့တယ်

မျက်လုံးစုံမှိတ် ခုန်ချမိတဲ့
ချောက်က တော်တော်နက်မှန်း
လမ်းခွဲမှတ်တမ်းက သက်သေထူတယ်..

တစ်ကယ်တော့ ဘဝဆိုတာ
ဘယ်တော့မှ လင်းလက်လေ့မရှိတဲ့ ..ကြယ်

ဂငယ်ကွေ့ ကွေ့ကြတဲ့ သူအချင်းချင်း
ကျွန်မအလှည့်ကျမှ.. အချိုးကျကျ
မကြော်ငြာပဲ နိုးထရသလို
ဒဿမနောက်မှာပဲ ခဏခဏ လဲကျရတယ်။

ဒီလိုနဲ့ပဲ ...
ရက်စွဲတစ်ချို့ ပြက္ခဒိန်ထဲကနေ
ဓါးထောက် မခြိမ်းခြောက်ရပဲ
ကျပျောက်သွားရတယ်....။

အောက်တိုဘာလ ၂၀၁၂ Teen မဂ္ဂဇင်း

Written By Angelhlaing
Monday,July 30,2012
9.04(PM) Austria


No comments:

Post a Comment